ကျောင်းသား၊ ကျောင်းသူများနှင့် လူငယ်လူရွယ်များ အသိပညာဗဟုသုတ တိုးပွားရင့်သန် လာစေရန်၊ ဗလငါးတန်နှင့် ပြည့်စုံပြီး အနာဂတ်နိုင်ငံ့သားကောင်းများ ဖြစ်လာစေရန် နှင့် လူထုရှေ့တွင် ရဲဝံ့စွာ စကားပြောဆိုတတ်သည့် အရည်အချင်းများ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ် ၍ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ရွှေနော်သီရိ ခန်းမ၌ ယနေ့နံနက်ပိုင်းက အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း မှ ကျောင်းသား၊ ကျောင်းသူများကို ဖိတ်ခေါ်ကာ လူငယ်စကားဝိုင်းကို စည်ကားသိုက်မြိုက်စွာ ကျင်းပ ပြုလုပ်ခဲ့သည်။
လူငယ်စကားဝိုင်းတွင် ရှေးဦးစွာ ပန်းတနော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကိုကိုမောင် က အဖွင့်အမှာစကား ပြောကြားရာတွင် “ယနေ့လူငယ်တွေ ဟာ အနာဂတ်နိုင်ငံတော်ကို ပခုံးပြောင်းတာဝန် ယူကြမယ့်သူတွေ ဖြစ်တဲ့အတွက် ကျောင်းစာအပြင် ပြင်ပဗဟုသုတ တွေပြည့်စုံနေဖို့ လိုအပ်ပါတယ်။ မိမိတို့ရဲ့ အတွေးအမြင်တွေကို အများအလယ်မှာ စနစ်တကျနဲ့ ရဲရဲဝံ့ဝံ့ ဆွေးနွေးပြောဆိုတတ်တဲ့ အလေ့အထကောင်းတွေ ရရှိစေဖို့ အခုလို လူငယ်စကားဝိုင်းကို ကြီးမှူးကျင်းပပေးရခြင်း ဖြစ်ပါတယ်” ဟုရှင်းလင်းပြောကြား ခဲ့သည်။
ထို့နောက် လူငယ်စကားဝိုင်းကို ဆက်လက်ကျင်းပရာ ဦးစီးအရာရှိ ဦးကိုကိုမောင်က ဦးဆောင်ဆွေးနွေးသူအဖြစ် ဆောင်ရွက်ပြီး၊ အ.ထ.က(၁) ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများကလူငယ်နှင့် စာပေဖတ်ရှုခြင်း၏ အကျိုးကျေးဇူး၊ လူငယ်နှင့် ကိုယ်ကျင့်တရား၊ လူငယ်နှင့် နည်းပညာ ကို အကျိုးရှိစွာ အသုံးချခြင်း၊မူးယစ်ဆေးဝါးအန္တရာယ် ရှောင်ကြဉ်ရေးနှင့် လူငယ်တို့ ၏ တာဝန်စသည့် ခေါင်းစဉ်များဖြင့် ကျောင်းသား၊ ကျောင်းသူများက မိမိတို့လေ့လာထား သည့် အသိပညာဗဟုသုတများနှင့် အတွေးအမြင်များကို တစ်ဦးချင်း အပြန်အလှန် ကျယ်ကျယ် ပြန့်ပြန့် ဆွေးနွေးခဲ့ကြ သည်။
ယင်းနောက် အခမ်းအနားသို့ တက်ရောက်လာကြသည့် အ.ထ.က(၁) ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက မိမိတို့သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြရာ ဦးစီးအရာရှိနှင့် ပါဝင်ဆွေးနွေးသူ ကျောင်းသားခေါင်းဆောင်များက ပြန်လည်ရှင်းလင်းပြောကြားခဲ့ကြကြောင်း သိရသည်။
