ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၌ မြန်မာ့ရိုးရာနှင့် ခေတ်ပေါ် ဂီတအနုပညာ အမွေအနှစ်များ ပျောက်ပျက် မသွားစေရေး၊ မျိုးဆက်သစ် ဂီတဝါသနာရှင်များ အချင်းချင်း ချစ်ကြည်ရင်းနှီးစွာ စိတ္တသုခတိုးပွားအပန်းဖြေနိုင်ရေးအတွက် “ဂီတအမွေ လက်ဆင့်ကမ်းဖျော်ဖြေပွဲ” အခမ်းအနားကို ပန်းတနော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ ရွှေနော်သီရိခန်းမ၌ ယနေ့နံနက်၈နာရီခွဲအချိန်က စည်းကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အခမ်းအနားတွင်ပန်းတနော်မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးမြင့်ဇော် က တက်ရောက်လာကြသည့် ဒေသခံပြည်သူများနှင့် ဂီတဝါသနာရှင်များ ပျော်ရွှင်ချမ်းမြေ့စွာ ပါဝင်ဆင်နွှဲနိုင်ကြရေးအတွက် အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မအူပင်ခရိုင် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်သန္တာထွေး က ရပ်ရွာအတွင်း အနုပညာအမွေအနှစ်များ လက်ဆင့်ကမ်းနိုင်ရေးနှင့် အချင်းချင်း ချစ်ကြည်ရင်းနှီးမှု တိုးပွားစေမည့် ပျော်ပွဲရွှင်ပွဲ ပေါ်ပေါက်လာပုံ အဆင့်ဆင့်နှင့် ရည်ရွယ်ချက်များကို အသေးစိတ် ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ ပန်းတနော်မြို့နယ် ဂီတအစည်းအရုံး ဥက္ကဋ္ဌ ဦးထွန်းအောင် က ပျော်ပွဲရွှင်ပွဲ ဖြစ်မြောက်ရေးအတွက် ကူညီပံ့ပိုးပေးခဲ့ကြသည့် တာဝန်ရှိသူများနှင့် ပျော်ရွှင်စွာလာရောက် ပါဝင်ဆင်နွှဲကြသူများအား ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
ထို့နောက် အခမ်းအနား ပထမပိုင်းကို ခေတ္တခဏ ရုပ်သိမ်းခဲ့ပြီး ဒုတိယပိုင်း အစီအစဉ်အဖြစ် ပျော်ပွဲရွှင်ပွဲ အစီအစဉ်များကို ဆက်လက်ကျင်းပရာ မြို့နယ်အတွင်းရှိ ဂီတပညာရှင်များ၊ အပျော်တမ်း ဝါသနာရှင်များနှင့် တေးသံရှင်များက ခေတ်ဟောင်း၊ ခေတ်ပြိုင် တေးသီချင်းများဖြင့် ပရိတ်သတ်များအား စိတ္တသုခ တိုးပွားစေရန် သီဆိုဖျော်ဖြေကြပြီး တက်ရောက်လာသူများကလည်း ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲခဲ့ကြကြောင်း သိရှိရသည်။
