စာပေဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတ တိုးပွားစေရန်၊ တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများနှင့် မိသားစုဝင်များ စာအုပ်စာပေများကို အလွယ်တကူ ဖတ်ရှုနိုင်စေရန်နှင့် စာဖတ်ရှိန်မြှင့်တင်ရန် ရည်ရွယ်၍ ပန်းတနော်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဒုတိယဦးစီးမှူးဒေါ်ဌေးဌေးစိုးနှင့်ဝန်ထမ်းများက ယနေ့မွန်းလွဲပိုင်းတွင် မြို့နယ် မီးသတ်ဦးစီးဌာနသို့ သွားရောက်၍ နယ်လှည့်စာကြည့်တိုက် (Mobile Library) စနစ်ဖြင့် စာအုပ်စာစောင်များ ကွင်းဆင်းငှားရမ်း ပေးခဲ့သည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက မြို့နယ်မီးသတ်ဦးစီးဌာနရှိ မီးသတ်တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များ အပန်းပြေစေရန်နှင့် ဗဟုသုတရရှိစေရန်အတွက်သုတ၊ ရသစာအုပ်စာစောင်များ၊ ဝတ္ထုရှည်နှင့် မဂ္ဂဇင်းများ၊ရုပ်ပြနှင့် အသိပညာပေးစာစောင်များ စုံလင်စွာ ခင်းကျင်းပြသခဲ့ပြီး၊ ယခင်အပတ်က ငှားရမ်းထားသော စာအုပ်များကို ပြန်လည်သိမ်းဆည်းကာ ဖတ်ရှုလိုသည့် စာအုပ်အသစ် များကို အခမဲ့ စနစ်တကျ လဲလှယ်ငှားရမ်းပေးခဲ့ကြသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် စာကြည့်တိုက်သို့ မလာရောက် နိုင်သည့် ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် မိသားစုဝင်များ စာပေနှင့် အဆက်မပြတ် စေရန်အတွက် အဆိုပါ နယ်လှည့်စာကြည့်တိုက် (Mobile Library) စနစ်ဖြင့် စာအုပ်စာစောင်များ လှည့်လည်ငှားရမ်းပေးခြင်းလုပ်ငန်းကို အပတ်စဉ်ပုံမှန် ကွင်းဆင်း ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။
