ပန်းတနော်မြို့နယ်၌ ဆရာ၊ ဆရာမများအား သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များကို ယနေ့မွန်းလွဲပိုင်းတွင် ပန်းတနော်မြို့နယ် သာသနာ့ဗိမာန်၌ ဆရာ၊ ဆရာမများထံ ဖြန့်ဝေခဲ့ကြသည်။

​          ထိုသို့ ဖြန့်ဝေရာတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက သင်တန်းတက်ရောက်နေသည့် ဆရာ၊ ဆရာမများအား သဘာဝဘေးအန္တရာယ်များဖြစ်ပွားပါက ကြိုတင်ပြင်ဆင်ရမည့်အချက်များ၊ မုန်တိုင်းဘေး၊ မိုးကြိုးဘေးနှင့် ငလျင်ဘေးအန္တရာယ်များ ကြုံတွေ့လာပါက လိုက်နာဆောင်ရွက်ရမည့် ဆောင်ရန်၊ ရှောင်ရန်များကို အကျယ်တဝင့် သိရှိစေရန် ရည်ရွယ်၍ အခမဲ့ ဖြန့်ဝေပေးခဲ့ခြင်းဖြစ်သည်။

​          အဆိုပါ လက်ကမ်းစာစောင်တွင် မုန်တိုင်းအန္တရာယ် ကြိုတင်ကာကွယ်ရေး နည်းလမ်းများ၊ မိုးကြိုးဘေးအန္တရာယ်မှ ရှောင်ရှားနိုင်မည့် နည်းစနစ်များ၊ငလျင်ဘေး ကြုံတွေ့ရပါက ဘေးကင်းရာသို့ ရွှေ့ပြောင်းနေထိုင်နည်းများနှင့် အရေးပေါ်ဖုန်းနံပါတ်များ စသည့်အသိပညာပေး အကြောင်းအရာများ ပြည့်စုံစွာ ပါဝင်ကြောင်း သိရသည်။

​          ပန်းတနော်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဗဟုသုတများ တိုးပွားစေရန်နှင့် ဘေးအန္တရာယ်များ ကျရောက် လာပါက ထိခိုက်ဆုံးရှုံးမှု နည်းပါးစေရန်အတွက် ယခုကဲ့သို့ အသိပညာပေး လုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။