ပန်းတနော်မြို့နယ်၌ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအတွက် ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်း (ToT) ဖွင့်ပွဲ ကျင်းပ

ဥပဒေရေးရာဝန်ကြီးဌာန၏ လမ်းညွှန်မှုနှင့်အညီ ရပ်ကွက်နှင့် ကျေးရွာအုပ်စုအဆင့် အုပ်ချုပ်ရေးပိုင်း တာဝန်ရှိသူများ ဥပဒေရေးရာဆိုင်ရာ အသိပညာဗဟုသုတများ တိုးပွားလာစေရန် ရည်ရွယ်၍ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအတွက် “ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်း (ToT)” ဖွင့်ပွဲ အခမ်းအနားကို ပန်းတနော်မြို့နယ်၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ရှေးဦးစွာ အခမ်းအနားမှူးက ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်း (ToT) ဖွင့်ပွဲအခမ်းအနား စတင်ဖွင့်လှစ်ကြောင်း ကြေညာခဲ့သည်။

ထို့နောက် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ယာယီဥက္ကဋ္ဌ ရဲမှူးမျိုးနိုင် က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး၊ မြို့နယ်ဥပဒေအရာရှိ ဒေါ်အိဖြူသော် က အုပ်ချုပ်ရေးမှူးများ အနေဖြင့် မိမိတို့ဒေသတွင်း လုပ်ငန်းဆောင်ရွက်ချက်များတွင် ဥပဒေနှင့်အညီ မှန်မှန်ကန်ကန် ဆောင်ရွက်နိုင်ရန်အတွက် အခြေခံဥပဒေဆိုင်ရာများကို သိရှိထားရန် လိုအပ်ပုံနှင့် ယခုသင်တန်း ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များအား အသေးစိတ် ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စစ်လင်း က သင်တန်းသားများအနေဖြင့် သင်တန်းမှ ပို့ချချက်များကို သေချာစွာ လေ့လာမှတ်သားပြီး မိမိတို့ရပ်ရွာအတွင်း ဥပဒေအသိပညာ များ ပြန်လည်ပြန့်ပွားအောင် ဆောင်ရွက်ကြရန် အမှာစကား ပြောကြားခဲ့သည်။

ယင်းနောက် အခမ်းအနားမှူးက သင်တန်းဖွင့်ပွဲအခမ်းအနား အောင်မြင်စွာ ပြီးမြောက် ကြောင်း ကြေညာကာ ရုပ်သိမ်းခဲ့ပြီး၊ အဆိုပါ သင်တန်းသို့ ပန်းတနော်မြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး သင်တန်းကာလမှာ ဇူလိုင်လ ၇ ရက်‌နေ့ မှ ဇူလိုင်လ ၉ ရက်‌နေ့ထိ ပို့ချ‌ပေးသွားမည်ဖြစ်ကြောင်းသတင်းရရှိသည်။