ပန်းတနော်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ AI နည်းပညာသင်တန်း ဖွင့်လှစ်

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများနှင့် ကျောင်းသား/ကျောင်းသူများ ခေတ်မီနည်းပညာရပ်များကို လေ့လာဆည်းပူးနိုင်စေရန် ရည်ရွယ်၍ ပန်းတနော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက်ပိုင်းတွင် AI (Artificial Intelligence) နည်းပညာဆိုင်ရာ အခြေခံသင်တန်း ကို ဖွင့်လှစ်ခဲ့သည်။

အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကိုကိုမောင်က ယနေ့ခေတ်တွင် အရှိန်အဟုန်ဖြင့် တိုးတက်လာသော AI နည်းပညာများကို အခြေခံကျကျ နားလည်သဘောပေါက်စေရန်၊ နည်းပညာကို စနစ်တကျ အသုံးချပြီး လုပ်ငန်းခွင်နှင့် ပညာရေးကဏ္ဍများတွင် အထောက်အကူပြုစေရန်၊ ဒစ်ဂျစ်တယ်နည်းပညာ တတ်မြောက်မှုနှုန်း (Digital Literacy) မြင့်မားလာစေရန် ရည်ရွယ်၍ ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါသင်တန်းတွင် သင်တန်းဆရာက AI အခြေခံသဘောတရားများ (Introduction to AI)စာသားနှင့် အချက်အလက် ရှာဖွေခြင်း (Generative AI & Prompt Engineering)၊ ဓာတ်ပုံနှင့် ရုပ်သံဖန်တီးမှု နည်းပညာများ (AI Image & Video Generation)၊ လုပ်ငန်းခွင်၌ AI ကို အကျိုးရှိစွာ အသုံးချနည်းများကို အသေးစိတ် လက်တွေ့သင်ကြား ပို့ချပေးလျက်ရှိသည်။

သင်တန်းသို့ ပန်းတနော်မြို့ပေါ်ရှိ ကျောင်းသား၊ ကျောင်းသူများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများ စုစုပေါင်း (၁၂၀) ဦးခန့် တက်ရောက်ကြပြီး သင်တန်းကာလမှာ (၂) ရက်ကြာ မြင့်မည် ဖြစ်သည်။ ပန်းတနော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ အသိပညာ ဗဟုသုတ တိုးပွားစေရန်အတွက် ယခုကဲ့သို့ နည်းပညာသင်တန်းများသာမက ဟောပြောပွဲများ၊ ဆွေးနွေးပွဲများကိုလည်း Community Centre ၌ စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။