ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် မီးငြှိမ်းသတ်ရေး အတတ်ပညာများ ကျွမ်းကျင်တတ်မြောက်စေရန် ရည်ရွယ်၍ သီးသန့်မီးသတ်တပ်ဖွဲ့ဝင်များ အကြိုအခြေခံမီးသတ်ပညာသင်တန်း အမှတ်စဉ် (၂/၂၀၂၆) ဖွင့်ပွဲအခမ်းအနားကို ဇွန်လ(၁)ရက်နေ့၊ နံနက် ၉ နာရီက ပန်းတနော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရွှေနော်သီရိခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးနိုင်ဝင်းက သင်တန်းဖွင့် အမှာစကား ပြောကြားရာတွင် “မီးဘေးအန္တရာယ်ဟာ ကြိုတင်ကာကွယ်နိုင်ရင် အဆုံးအရှုံး အနည်းဆုံးဖြစ်မှာ ဖြစ်တဲ့အတွက် ခုလို သီးသန့်မီးသတ်တပ်ဖွဲ့ဝင်တွေအနေနဲ့ အခြေခံမီးသတ် ပညာရပ်တွေကို စနစ်တကျ တတ်မြောက်ထားဖို့ အထူးလိုအပ်ပါတယ်”ဟု ထည့်သွင်းပြောကြားခဲ့ပြီး မီးဘေးလုံခြုံရေးနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားခဲ့သည်။
အဆိုပါ အကြိုအခြေခံမီးသတ်ပညာသင်တန်း ဖွင့်ပွဲအခမ်းအနားသို့မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ဖိတ်ကြားထားသော ဌာနဆိုင်ရာ တာဝန်ရှိသူများ ၊အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ဒေသခံလုပ်ငန်းရှင်မျာ၊သင်တန်းသား အင်အား (၅၀) ဦးတက် ရောက်ခဲ့ကြောင်းသိရသည်။
သင်တန်းတွင် သင်တန်းသားများအား မီးသတ်ပညာရပ်ဆိုင်ရာ အခြေခံသီအိုရီများနှင့် လက်တွေ့ မီးငြှိမ်းသတ်ခြင်း၊ ကယ်ဆယ်ရေးလုပ်ငန်း စနစ်များကို စနစ်တကျ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း နှင့် သင်တန်းကာလမှာ ၁.၆.၂၀၂၆ ရက်နေ့မှ ၅.၆.၂၀၂၆ ရက် နေ့ထိဖြစ် ကြောင်းသိရသည်။
