ပန်းတနော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) အစည်းအဝေးခန်းမ၌ ယနေ့နံနက်ပိုင်းက ကျောင်းသား၊ ကျောင်းသူများ စာဖတ်သည့် အလေ့အထကောင်းများ ရရှိစေရန် ရည်ရွယ်၍ အခြေခံပညာအထက်တန်းကျောင်း အ.ထ.က- ဒေါင့်ကြီးကျောင်း မှ ကျောင်းသား၊ ကျောင်းသူများကို ဖိတ်ခေါ်ကာ စာဖတ်ဝိုင်းနှင့် နံရံကပ်စာစောင်ပြပွဲများကို ကျင်းပခဲ့သည်။
စာဖတ်ဝိုင်းတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ဋ္ဌေးဋ္ဌေးစိုး က စာဖတ်ဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး၊ အ.ထ.က- ဒေါင့်ကြီးကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက စာရေးဆရာ ချစ်နိုင်(စိတ်ပညာ) ရေးသားသည့် “အရည်အချင်းဆီသို့” စာအုပ်ပါ အကြောင်းအရာများကို ဖတ်ရှုကာ မိမိတို့၏ အတွေးအမြင်များကို အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။
ထို့နောက် တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများက ခန်းမအတွင်း ခင်းကျင်းပြသထားသည့် အသိပညာပေးနံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
