ပန်းတနော်မြို့နယ်၌ ကရင်တိုင်းရင်းသားရေးရာဝန်ကြီးနှင့် TA/LT ဆရာ၊ ဆရာမများ တွေ့ဆုံပွဲ ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊မအူပင်ခရိုင်၊ပန်းတနော်မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)၊ ရွှေနော်သီရိခန်းမ၌ ဧရာဝတီ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ကရင်တိုင်းရင်းသားရေးရာ ဝန်ကြီးနှင့် ကရင်စာပေသင် TA/LT (Teaching Assistant / Language Teacher) ဆရာ၊ ဆရာမများ တွေ့ဆုံပွဲ အခမ်းအနားကို ဩဂုတ်လ ၁၆ ရက်နေ့ နံနက် ၉နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ကရင်တိုင်းရင်းသားရေးရာဝန်ကြီး မန်းသိန်းကျော် က လမ်းညွှန်အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် ပန်းတနော်မြို့နယ် ကရင်စာပေနှင့် ယဉ်ကျေးမှုအသင်း နာယကဆရာတော် မန်းနဲနန္ဒာစာရ၊ တိုင်းဒေသကြီးလွှတ်တော် တိုင်းရင်းသားရေးရာ ကော်မတီဝင် မန်းရဲသူရိန်ဟန်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ယာယီဥက္ကဋ္ဌ ဦးနေလင်းနိုင် နှင့် မြို့နယ်ပညာရေးမှူး ဒေါ်ယဉ်ယဉ်သိမ့် တို့က အသီးသီး အမှာစကား ပြောကြားခဲ့ကြသည်။

ထို့နောက် ပန်းတနော်မြို့နယ် ကရင်စာပေနှင့် ယဉ်ကျေးမှု အသင်းဥက္ကဋ္ဌ မန်းဝင်းဌေး က ကျေးဇူးတင်စကား ပြောကြားခဲ့ပြီး၊ ကရင်စာပေသင် (TA/LT) ဆရာ၊ ဆရာမများကိုယ်စား ဆရာစသက်နိုင်ဝင်း က သင်ကြားရေးဆိုင်ရာ အခြေအနေများကို တင်ပြခဲ့ရာ သက်ဆိုင်ရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ပြောကြားခဲ့ကြသည်။

အဆိုပါ တွေ့ဆုံပွဲ အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ကရင်တိုင်းရင်းသားရေးရာဝန်ကြီး မန်းသိန်းကျော် နှင့် တာဝန်ရှိသူများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကရင်စာပေနှင့် ယဉ်ကျေးမှုအသင်းဝင်များနှင့် TA/LT ဆရာ၊ ဆရာမများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။