ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၌ ဒေသခံပြည်သူများ အပန်းဖြေနိုင်ရေးနှင့် စိတ္တသုခ တိုးပွားစေရေးအတွက် ကျင်းပပြုလုပ်မည့် ဂီတဖျော်ဖြေပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲကို ယနေ့ စက်တင်ဘာလ ၁၇ ရက်နေ့တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Center) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဆွေးနွေးပွဲတွင် မအူပင်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (မအူပင်ရုံး) မှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်ခင်သန္တာထွေးက ဂီတဖျော်ဖြေပွဲကျင်းပ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များနှင့် အထွေထွေ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရမည့် အခြေအနေများကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ပန်းတနော်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဦးစီးအရာရှိ ဦးကိုကိုမောင်နှင့် ဒုတိယဦးစီးမှူး ဒေါ်ဌေးဌေးစိုးတို့က ခန်းမပြင်ဆင်ရေး၊ အသံပိုင်းဆိုင်ရာနှင့် အစီအစဉ်များ စနစ်တကျ ရှိစေရေးတို့အတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှုများအား ရှင်းလင်းတင်ပြခဲ့ကြသည်။
ဆက်လက်၍ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အတွင်းရေးမှူး ဦးနေမျိုးထွန်း၊ မြို့နယ်သဘင်အစည်းအရုံး ဥက္ကဋ္ဌ ဦးထွန်းအောင်နှင့် အတွင်းရေးမှူး ဦးသန့်ဇင်ဦးတို့က ဖျော်ဖြေပွဲတွင် ပါဝင်မည့် တေးသံသာများ၊ သဘင်နှင့် ဂီတအနုပညာရှင်များ ပါဝင်ဆင်နွှဲနိုင်ရေး၊ အစီအစဉ် ရေးဆွဲဆောင်ရွက်ရေးနှင့် လိုအပ်သည့် အကူအညီများ ပေးအပ်နိုင်ရေးတို့အတွက် အသီးသီး ရင်းနှီးပွင့်လင်းစွာ အသေးစိတ် အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။
