လူထုအခြေပြုဗဟိုဌာန Community Center ၌ အ.ထ.က – အကယ်ချောင်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများနှင့်အတူ စာဖတ်ဝိုင်းနှင့် အသိပညာပေးပြပွဲများ ကျင်းပ

 

ပန်းတနော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက်ပိုင်းက ကျောင်းသား၊ ကျောင်းသူများ စာဖတ်သည့် အလေ့အထကောင်းများ ရရှိစေရန် ရည်ရွယ်၍ အခြေခံပညာအထက်တန်းကျောင်း အ.ထ.က- အကယ်ချောင်း မှ ကျောင်းသား၊ ကျောင်းသူများကို ဖိတ်ခေါ်ကာ စာဖတ်ဝိုင်းနှင့် နံရံကပ်စာစောင်၊ စာအုပ်စာစောင်ပြပွဲများကို ကျင်းပခဲ့သည်။

စာဖတ်ဝိုင်းတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကိုကိုမောင် က စာဖတ်ဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး၊ အ.ထ.က- အကယ်ချောင်း ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက စာရေးဆရာ အောင်သင်း ရေးသားသည့် “လူငယ်ရဲ့ ဘဝနှင့်တန်ဖိုး” စာအုပ်ပါ အကြောင်းအရာများကို ဖတ်ရှုကာ မိမိတို့၏ အတွေးအမြင်များကို အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။

ထို့နောက် တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများက ခန်းမအတွင်း ခင်းကျင်းပြသထားသည့် လူငယ်ရေးရာ၊ လူကုန်ကူးမှုအန္တရာယ် တားဆီး ကာကွယ်ရေး၊ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင်များနှင့် သုတ၊ ရသ စာအုပ်စာစောင်များကို စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။