ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ယနေ့နံနက် ၁၀ နာရီ အချိန်၌ ကျောင်းသား၊ ကျောင်းသူ လူငယ် မောင်မယ်များအား နွေရာသီ ယဉ်ကျေးလိမ္မာသင်တန်းကို စနစ်တကျ သင်ကြားပို့ချလျက်ရှိသည်။
သင်တန်း ပထမရက်ဖြစ်သည့် ယနေ့တွင် သင်တန်းသား၊ သင်တန်းသူများက ဘုရားရှိခိုးခြင်း နှင့် ဝတ်ရွတ်စဉ်များကို စုပေါင်းရွတ်ဖတ်ပူဇော်ခြင်း၊ လူကြီးမိဘနှင့် ဆရာသမားများအပေါ် ရိုသေ ကိုင်းရှိုင်းရမည့် ယဉ်ကျေးမှုများကို လေ့လာခြင်း၊ နေ့စဉ်ဘဝတွင် လိုက်နာကျင့်သုံးရမည့် ၃၈ ဖြာ မင်္ဂလာတရားတော်များကို သင်တန်းနည်းပြဆရာထံမှ စိတ်ပါဝင်စားစွာ နာယူသင်ကြားခြင်း စသည် တို့ကို ဆောင်ရွက်ခဲ့ကြသည်။
သင်တန်းတွင် သင်တန်းနည်းပြ ဆရာမင်းဝေမှူးက ကလေးများ နားလည်လွယ်စေရန် ပုံပြင်များ၊ ဥပမာသာဓကများဖြင့် ပျော်ရွှင်စရာကောင်းအောင် သင်ကြားပေးလျက်ရှိပြီး၊ သင်တန်းသားများအနေဖြင့်လည်း မိမိတို့သိရှိလိုသည်များကို ပြန်လည်မေးမြန်းကာ တက်ကြွစွာ ပါဝင် သင်ယူနေသည်ကို တွေ့ရှိရသည်။
အဆိုပါယဉ်ကျေးလိမ္မာသင်တန်းကို ကျောင်းပိတ်ရက်အတွင်း ကလေးငယ်များ အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် မြန်မာ့ယဉ်ကျေးမှု ဓလေ့ထုံးတမ်းများကို ငယ်စဉ်ကတည်းက သိရှိနားလည်စေရန် ရည်ရွယ်၍ ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ကြောင်းသိရပြီး သင်တန်းကာလမှာ (၁၉.၃.၂၀၂၆ ရက်နေ့မှ ၂၃.၃.၂၀၂၆)ရက်နေ့အထိ (၅)ရက်တာ ပို့ချသင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။
