ပန်းတနော်၌ ဌာနဆိုင်ရာများပူးပေါင်း၍ အ.ထ.က(၂) ကျောင်းသား၊ ကျောင်းသူများအား လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ

ကျောင်းသား၊ ကျောင်းသူလူငယ်များ အသိပညာဗဟုသုတ ကြွယ်ဝစေရန်နှင့် ကာကွယ် စောင့်ရှောက်ရမည့် ကျန်းမာရေးဆိုင်ရာ အလေ့အထကောင်းများ ရရှိစေရန် ရည်ရွယ်၍ မွေးမြူရေး နှင့် ကုသရေးဦးစီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက ပန်းတနော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ရွှေနော်သီရိခန်းမ၌ ကျင်းပ ခဲ့သည်။

ဟောပြောပွဲတွင် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း မှ ကျောင်းသား၊ ကျောင်းသူ များနှင့် ဆရာ၊ ဆရာမများ တက်ရောက် ခဲ့ကြပြီး မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဦးစီးမှူး ဒေါက်တာသဲစုခိုင်ကလူနှင့်တိရစ္ဆာန် ကူးစက်တတ်သော ရောဂါများ အန္တရာယ်၊ ခွေးရူးပြန်ရောဂါ ကာကွယ်တားဆီးရေးနှင့် တိရစ္ဆာန်များမှ တစ်ဆင့် ဥပဒေအရ အရေးယူနိုင်သည့် အချက်များကို ရှင်းလင်း ဟောပြောခဲ့သည်။

ထို့နောက်တိုင်းရင်းဆေးပညာဦးစီးဌာနမှ မြို့နယ်တိုင်းရင်း‌ ဆေးမှူးဒေါ်ဇင်နွယ်သိန်းက ရာသီအလိုက် ဖြစ်ပွားတတ်သော ရောဂါဘယများနှင့် ပတ်သက်၍ တိုင်းရင်းဆေးပညာဖြင့် ကြိုတင် ကာကွယ်နည်းများ၊ နေ့စဉ်လူနေမှုဘဝတွင် ဆောင်ရန်၊ ရှောင်ရန် ကျန်းမာရေးဓမ္မတာများကို အသိပညာပေး ဆွေးနွေးခဲ့သည်။

ဆက်လက်၍ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မှ ဦးစီးအရာရှိ ဦးက်ိုကို‌မောင်က လူငယ်များနှင့် စာပေဖတ်ရှုခြင်း၏ အကျိုးကျေးဇူး၊ မူးယစ်ဆေးဝါးအန္တရာယ် ရှောင်ကြဉ်ရေးနှင့် အချိန်ကို အကျိုးရှိစွာ အသုံးချတတ်ရေးတို့ကို တိုက်တွန်း ဟောပြော ခဲ့သည်။

ထို့နောက် တက်ရောက်လာကြသည့် အ.ထ.က(၂) ကျောင်းသား၊ ကျောင်းသူများက ခန်းမအတွင်း ခင်းကျင်းပြသထားသည့် လူငယ်ရေးရာနှင့် ကျန်းမာရေးအသိပညာပေး နံရံကပ်စာစောင်များ နှင့် စာအုပ်စာစောင်များကို စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။