ကျောင်းသား၊ ကျောင်းသူ လူငယ်မောင်မယ်များအနေဖြင့် စားသုံးသူခွင့်ရေးနှင့် တာဝန်များကို သိရှိနားလည်ပြီး အသိပညာ ဗဟုသုတ တိုးပွားစေရန် ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ရွှေနော်သီရိ ခန်းမ၌ ကျင်းပခဲ့သည်။
ဟောပြောပွဲတွင် ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကိုကိုမောင်က အဖွင့်အမှာစကားပြောကြားပြီး၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်ကျော်သက်က ကျောင်းသား၊ ကျောင်းသူများအား လူငယ်နှင့်စားသုံးသူကာကွယ်ရေး အသိပညာပေးခေါင်းစဉ်ဖြင့် ဟောပြောရာတွင် စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများ ဝယ်ယူရာ ၌ ကုန်အညွှန်းအမှတ်အသားများကို စနစ်တကျ ဖတ်ရှုရွေးချယ်တတ်စေရန်၊ သက်တမ်းလွန် သို့မဟုတ် စိတ်မချရသော စားသောက်ကုန်များကြောင့် ဖြစ်ပေါ်လာနိုင်သည့် အန္တရာယ်များကို ရှောင်ရှားနိုင်ရန်နှင့် စားသုံးသူများ နစ်နာဆုံးရှုံးမှုရှိပါက တိုင်ကြားနိုင်သည့် အခွင့်အရေးများနှင့် ပတ်သက်၍ အကျယ်တဝင့် ရှင်းလင်းဟောပြောခဲ့သည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းကြရာ စားသုံးသူရေးရာဦးစီးဌာန တာဝန်ရှိသူက ပြန်လည်ရှင်းလင်း ဖြေကြားပေးခဲ့ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
