ကျောင်းသား၊ ကျောင်းသူများနှင့် လူငယ်လူရွယ်များ စာပေဖတ်ရှုသည့် အလေ့အထကောင်းများ ရရှိစေရန်၊ အသိပညာဗဟုသုတ တိုးပွားရင့်သန်လာစေရန်နှင့် ပြင်ပစာပေဗဟုသုတများကို ရှာမှီးလေ့လာနိုင်စေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ယနေ့နံနက်ပိုင်းက အခြေခံပညာမူလတန်းကျောင်း အ.မ.က (ရွာသစ်) မှ ကျောင်းသား၊ ကျောင်းသူများကို ဖိတ်ခေါ်ကာ စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်များ ပြသခြင်းလုပ်ငန်းများကို စည်ကားသိုက်မြိုက်စွာ ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးဒေါ်ဌေးဌေးစိုးက ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကျောင်းသင်ခန်းစာအပြင် ပြင်ပဗဟုသုတရရှိစေမည့် သုတ၊ ရသစာအုပ်စာပေများကိုပါ တွဲဖက်ဖတ်ရှုကြရန် လိုအပ်ပုံ၊ အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် စာကြည့်တိုက်ကို ရင်းနှီးကျွမ်းဝင်စွာ အသုံးပြုတတ်စေရန် ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး၊ စာပေဖတ်ရှုခြင်း၏ အကျိုးကျေးဇူးများကို ရိုးရှင်းလွယ်ကူသော သာဓကများဖြင့် အသိပညာပေး ဟောပြောခဲ့သည်။
ထို့နောက်ကျောင်းသား၊ ကျောင်းသူများအားလက်ကမ်းစာစောင်များနှင့် ဖတ်ရှုလေ့လာနိုင်ရန်အတွက် ကလေးကဗျာများ၊ ရုပ်ပြပုံပြင်များ၊ တေဇရုပ်စုံ မဂ္ဂဇင်းများနှင့် အသိပညာပေး သုတစာအုပ်စာစောင် မြောက်မြားစွာကို ခင်းကျင်းပြသခဲ့ရာ တက်ရောက်လာကြသည့် အ.မ.က (ရွာသစ်) ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာဖြင့် ဖတ်ရှုလေ့လာခဲ့ကြသည်။ဆက်လက်၍ခန်းမအတွင်း၌ ပြသထားသော အထွေထွေအသိပညာပေး နံရံကပ်စာစောင်တို့ကိုလည်း ကျောင်းသား၊ ကျောင်းသူများက စိတ်အား ထက်သန်စွာဖြင့် စုပေါင်းကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
